မြန်မာစစ်အစိုးရကို ဆက်လက်ဖိအားပေးရန် ဥရောပ ပါလီမန်က ဆုံးဖြတ်

ဧရာဝတီ-အေးချမ်းမြေ့| ဧပြီ ၂၄၊ ၂၀၀၈

ဥရောပ ပါလီမန်အနေနှင့် မြန်မာစစ်အစိုးရကို ဆက်လက် ဖိအားပေးရန် ဧပြီ ၂၃ရက်နေ့က ပြင်သစ် နိုင်ငံ စထရင်းဘူဝါ မြို့တွင် ဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း ၎င်း ပါလီမန်၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

မြန်မာပြည်အတွက် ချမှတ်ထားသည့် ဆုံးဖြတ်ချက်မူကြမ်းအရ ဥရောပပါလီမန်သည် မြန်မာစစ်အစိုးရအပေါ် နိုင်ငံရေးအရ ဖိအားပေးမှုများကို ဆက်တိုက် အားစိုက်၍ ပြုလုပ်သွားမည်ဟု သိရသည်။

အကြောင်းမှာ စစ်အစိုးရအနေနှင့်အခြေခံဥပဒေမူကြမ်း ရေးဆွဲရာတွင်လည်းကောင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပမည့် ကိစ္စရပ်တွင်လည်း ကောင်း၊ အမျိုးသားညီလာခံ ကျင်းပခဲ့ရာတွင်လည်းကောင်း နိုင်ငံရေးအရလိုက်နာရမည့် စည်းကမ်းချက်များကို လိုက်နာခဲ့ခြင်းမရှိသောကြောင့်ဟု ၎င်းဝက်ဘ် ဆိုက်တွင် ရေးသားဖော်ပြထားသည်။

“မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူပွဲကျင်းပတဲ့ပုံစံကို ဘယ်ဒီမိုကရေစီနိုင်ငံမှာမှ မမြင်ဘူးတဲ့အတွက် ဥရောပ ပါလီ မန်က ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေမှာ ဒီမိုကရေစီကျတဲ့အခြေခံ လွတ်လပ်ခွင့်လေးတွေတောင် မရှိဘူး။ အခြေခံဥပဒေမူကြမ်း စာအုပ် ကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေး ဝေဖန်ခွင့်မရှိဘူး” ဟု ဥရောပ ပါလီမန်၏ ဆုံးဖြတ်ချက် မူကြမ်းတွင် ရေးသား ဖော်ပြထားသည်။

ဆက်လက်၍ ပါလီမန်အနေနှင့် မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး ပြတ်သားစွာ ရပ်တည် သွားမည် ဖြစ်ကြောင်းနှင့် စစ်မှန်သော ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ဖော်ဆောင် နိုင်ဖို့ တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ်နိုင်ရန် တောင်းဆိုသွားမည် ဖြစ်ကြောင်း ဖော်ပြထား သည်။

“ဥရောပကော်မရှင်ရဲ့ ဓမ္မဓိဌာန်ကျကျ ဆောင်ရွက်မယ့်မူဝါဒကတော့ အဓိပ္ပာယ်ပြည့်ဝတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသား ပြန်လည်သင့် မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေး ရေးတွေ ပြုလုပ်လာဖို့ ကျိုးစားသွားဖို့ပဲ ဖြစ်ပါတယ်” ဟု ဆုံးဖြတ်ချက် မူကြမ်းတွင် ဖော်ပြပါ ရှိသည်။

ဆက်လက်၍ “ ပါလီမန်အနေနဲ့ မြန်မာနိုင်ငံကို ရည်ရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်မှုတွေ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ တည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေ ရှိလာဖို့လည်း တောင်းဆို ချင်ပါတယ်။ ဒီမိုကရေစီနိုင်ငံ တခုအနေနဲ့ တန်ဖိုးမြှင့်ပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း စည်းမျဉ်း ဥပ ဒေအရ ဆောင်ရွက်လာနိုင်ပါလိမ့်မယ်” ဟု ဖော်ပြထားသည်။

ပါလီမန်က မြန်မာပြည်၏ အင်အားကြီး အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော တရုတ်၊ အိန္ဒိယ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများကိုလည်း ဒီမိုက ရေစီ အသွင်ကူးပြောင်းရေးတွင် ပါဝင် ကူညီနိုင်ဖို့ ပိုမိုအာရုံစိုက်ကာ ချဉ်းကပ်သွားမည်ဟု ဆိုထားသည်။

ဥရောပ ပါလီမန်အနေနှင့် မြန်မာစစ်အစိုးရပိုင် စီးပွားရေးလုပ်ငန်းများနှင့် မြန်မာစစ်အစိုးရနှင့် နီးကပ်ပတ်သက်နေသော စီးပွားရေး လုပ်ငန်းများကို ကျယ်ပြန့်စွာ ပိတ်ဆို့ အရေးယူ ခဲ့ပြီးဖြစ်သည်။ ဆက်လက်၍လည်း တဦးချင်းစီ ပစ်မှတ်ထား၍ အရေးယူ ဆောင်ရွက်သွားမည်ဟု ဆိုထားသည်။

မြန်မာစစ်ဗိုလ်များ၏ မိသားစုပိုင် စီးပွားရေးလုပ်ငန်းများ၊ ဆေးကုသခွင့်၊ နိုင်ငံခြား ဈေးဝယ်ထွက်ခြင်းများနှင့် နိုင်ငံခြားပညာသင်သွားခြင်းများကို အဓိ က ပစ်မှတ်ထား ပိတ်ဆို့အရေးယူသွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ဘဏ်များတွင်ဝင်နေသည့် ၎င်းတို့၏ငွေကြေးများကို တဦးချင်းအတွက် ကန့်သတ်ပိတ်ပင် သွားမည်ဟု ပါလီမန်က ထုတ်ပြန်သည့် မူကြမ်းတွင် ဖော်ပြထားသည်။

ဥရောပပါလီမန်အနေနှင့် ကမ္ဘာ့နိုင်ငံများကို မြန်မာနိုင်ငံအား လက်နက်ရောင်းချခြင်းမပြုရန် ပြင်းထန်စွာ တားမြစ်ပိတ်ပင်ခဲ့သော်လည်း တရုတ်၊ ရုရှား နှင့် အိန္ဒိယနိုင်ငံတို့က မြန်မာပြည်လက်နက်ရရေးအတွက် ကူညီခဲ့သည်။ သို့ရာတွင် ယခုမှစ၍ ကမ္ဘာ့နိုင်ငံအားလုံးက လက်နက်မရောင်းချနိုင်ရန် အလေးထား ပိတ်ပင်သွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

ဆက်လက်၍ ပါလီမန်က မြန်မာစစ်အစိုးရကို လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းနိုင်ရေးအတွက် စည်းဝေးခေါ်ရန်၊ မဲပေးနိုင်မည့် လူ စာရင်းကို စည်းစနစ်ကျနစွာ ပြုစုရန်၊ မီဒီယာများကို လွတ်လပ်စွာ စောင့်ကြည့်ခွင့်ပေးရန်၊ အဖွဲ့အစည်းအသီးသီးကို လွတ်လပ်ခွင့်ပေးရန်၊ အပြည်ပြည်ဆိုင်ရာမှ လေ့လာသူများကို ဆန္ဒခံယူပွဲသို့ တက်ရောက် လေ့လာခွင့်ပြုရန် စသည်ဖြင့် တောင်းဆိုထားသည်။

နောက်ဆုံးအနေဖြင့် ဥရောပပါလီမန်က ဥရောပကော်မရှင်ကို မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အတိုက်အခံ အင်အား စုများကို ပိုမိုထောက်ပံ့မှုများပြုရန် တောင်းဆိုထား၏။ ၎င်းပြင် တိုးများလာသော နယ်စပ်သို့ဖြတ်ကျော် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များကို လူသားချင်း စာနာ သည့် ကူညီမှုများ ပြုလုပ်ပေးရန်လည်း တောင်းဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ နိုင်ငံခြားရေးဌာနမှ ကိုညိုအုန်းမြင့်က ဥရောပ ပါလီမန်၏ ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း ပြောကြားသည်။

“ဥရောပသံတမန်တွေက ကျနော့်ကို ပြောဖူးတယ်။ တရုတ်နိုင်ငံလို အမြဲထောက်ပံ့နေတဲ့နိုင်ငံကတောင် မြန်မာစစ်အစိုးရကို စိတ်ပျက်လာပြီတဲ့။ ဥ ရောပ သမဂ္ဂမှာပါတဲ့နိုင်ငံ ၂၇ နိုင်ငံကတော့ အာဆီယံနိုင်ငံတွေလိုမဟုတ်ဘဲ မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုအလေးထား ဆောင်ရွက်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ကိုညိုအုန်းမြင့်က ဆက်ပြောသည်။